Monday, August 03, 2009

လုပ်ချင်ဦးဟဲ့ သူကြီး

သူကြီးလုပ်တယ်ဆိုတာ အိမ်တစ်အိမ်ကို main tenant အနေနဲ့ ငှားလိုက်ပြီး ကိုယ်က တစ်ခန်းမှာနေ ကျန်တဲ့ အခန်းကို ငှားစားတဲ့ အလုပ်ပါ။

အရင်ကတော့ သူများတွေ ငှားပြီးသားအိမ်တွေမှာ လိုက်နေတော့ အချိန်တန် လခပေးလိုက်ရင် ပြီးပေမယ့် နေရတာ လွတ်လွတ်လပ်လပ်မရှိဘူး။ မောင်နှမတွေ သူငယ်ချင်းတွေလာရင် ကိုယ့်အခန်းထဲပဲ ခေါ်ပြီး ဧည့်ခံရတယ်။ များသောအားဖြင့် ဧည့်ခန်းက မအားတတ်ဖူး။

အခုကိုယ်တိုင် အိမ်ငှားပြီးနေတော့ အကောင်းဆုံး တစ်ချက်က သမီးလေးပဲ။အရင်တုန်းကဆို သမီးကို လိုက်ဆွဲ နေရတယ်။ ဘယ်သူ့ ပစ္စည်းတွေများ ဘာသွားလုပ်ပါလိမ့်မတုန်းဆိုပြီး။နောက်ပြီး အသံကျယ်ကျယ်နဲ့ အော်ရင်လဲ သူများတွေ အနှောက်အယှက်ဖြစ် မလားဆိုပြီး ပူရသေးတယ်။ သမီးအသံကတော်တော်ကျယ်တယ်။(သူ့အမေတောင် တစ်ခါတလေ မခံစားနိုင်ဘူး။)

အခုတော့ တစ်နေကုန် အိမ်မှာ လွတ်လွတ်လပ်လပ် အော်ချင်သလိုအော် ပြောချင်သလိုပြော လမ်းလျှောက်ချင် သလောက်လျှောက်ပဲ။ သမီးအတွက် တော်တော်အဆင်ပြေတယ်။
လူကြီးတွေ အတွက်ကတော့ ပိုက်ဆံနည်းနည်း ပိုကုန်သွားတယ်။
ဒါပေမယ့် လွတ်လွတ်လပ်လပ်နေရတယ်။ အခန်းက လေ၀င်လေထွက်ကောင်းတယ်။ အဲကွန်းပါတယ်။

နောက်ပြီး ဟိုဘက်အခန်းက ငှားထားတဲ့ လူနှစ်ယောက်မှာ တစ်ယောက် က ယောက်ဖ။ကျန်တဲ့တစ်ယောက်ကလဲ အေးရာအေးကြောင်းပဲဆိုတော့ နေရတာမိုက်တယ်။

အဲ ပြောချင်တဲ့အကြောင်းက အခုမှလာပြီ။

အဲဒီ common room ထဲကို နောက်ထပ်တစ်ယောက်လောက် ထပ်ထည့်ချင်လို့ မြန်မာ website တွေမှာ ကြော်ငြာတွေထည့်တော့ နေချင်တဲ့ လူနှစ်ယောက် အရင်တစ်ပတ်က လာကြည့်တယ်။(ကြားထဲမှာဖုန်းနဲ့ လှမ်းမေးတဲ့ သူတွေတော့ရှိတယ်)။

အခန်းမှာ လူ၃ ယောက်ဆိုတော့ နှစ်ထပ်ကုတင် တစ်လုံးနဲ့ တစ်ထပ်ကုတင်တစ်လုံး ထည့်ဖို့စီစဉ်ထားတာ
ပထမလာကြည့်တဲ့ တစ်ယောက်က နှစ်ထပ်ကုတင်နဲ့ မနေချင်လို့ဆိုတော့ ပြန်လာဖို့ လမ်းမရှိလောက်ဖူး။

နောက်တစ်ယောက် ကရည်ရည်မွန်မွန်ပဲ။ နာမည်က ရဲကျော်မင်း တဲ့ standard chartered bank မှာ အလုပ်ရသွားတာတစ်ပတ်ပဲရှိသေးတယ်တဲ့။bank က EP လျှောက်ပေးထားတယ်တဲ့။ ရောက်တာ ၉ ရက်ပဲရှိသေးတယ်။ နောက်ပြီး ၂ ထပ် ကုတင်နဲ့လဲနေနိုင်ပါတယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့လေ။

သူက ဖြစ်နိုင်ရင် ဒီနေ့ပဲ ပြောင်းလာချင်တယ် ဆိုတော့ ကျွန်တော်တို့က အိပ်ယာတွေဘာတွေ ဘာမှ စီစဉ်ထားတာ မရှိဘူး ဆိုတော့လဲ ရတယ်တဲ့။ ကြမ်းပြင်မှာ အိပ်ရလဲ ပြသနာမရှိဘူးတဲ့ ဆိုတော့ ကျွန်တော်တို့လဲ အိုကေပေါ့။ အိပ်ယာတွေ ခေါင်းအုန်းတွေ ပြေးဝယ်။ ကုတင်ဝယ်ဖို့ အလုပ်ရှုပ်။

ညဘက်ကို စောင့်ကြတော့ ကျေးဇူးရှင်က ပေါ်မလာဘူး။ ဒီတော့ သြော် သူမနက်ဖြန်တော့ ပြောင်းလာမှာပါလေ ဆိုပြီး စောင့်တော့လဲ ပေါ်မလာ။ ဖုန်းဆက်ဖို့ကလဲ ရောက်တာ ၉ရက်ပဲရှိသေးတော့ ဟန်းဖုန်းမရှိသေးဘူးဆိုတော့လဲ ဘယ်ကိုဆက်ရမှန်းမသိဘူး။(စုံစမ်းတုန်းက public phone ကနေပြီးခေါ်တာ(သတိထားကြပါကုန်))

တစ်ခုခုများဖြစ်ပြီလားပေါ့လေ။ မနေဖြစ်ရင်တောင် အကြောင်းလေးတော့ ကြားသင့်တယ်ပေါ့။ နောက်ပြီး သူ့ပုံစံက အရူးအနှန်း ရုပ်မပေါက်ပါဘူး။ ကောင်းကောင်းမွန်မွန်ပါပဲ။

ဒါနဲ့ မိန်းမက ဒီလူ standard chartered bank မှာ အလုပ်လုပ်တာ ဘဏ် ကို ဖုန်းဆက်ပြီးမေးကြည့်တော့ ရဲကျော်မင်းဆိုတဲ့ နာမည်နဲ့ သူတို့ဘဏ်(loan dept)မှာ တစ်ယောက်မှမရှိပါဘူးတဲ့။

ဒီတော့ ကျွန်တော်တို့ နောက်ဆုံးဘယ်လိုကောက်ချက်ချသလဲဆိုတော့ တမင်သက်သက်လာနောက်သွားတာ လို့ပဲ သဘောထားလိုက်တယ်။ ဒါပေမယ့် လာကြည့်တဲ့ အချိန်မှာ ကျွန်တော်တို့ရှိမနေပဲ ကျွန်တော့်မိန်းမတစ်ယောက်ပဲ ရှိနေရင်ဘာဖြစ်မလဲ။ဒီလိုပဲ ပြောဆိုပြီးပြန်သွားရင်တော့ ပြသနာမရှိဘူးပေါ့လေ။စဉ်းစားကြည့်ရင် တော်တော် အန္တရာယ်များတယ်နော်။ ဒါကြောင့် မိန်းမကိုမှာထားရတယ်။ အခန်းလာကြည့်ချင်ရင် ညဘက် တစ်ယောက်ယောက် ပြန်ရောက်မှပဲ လာကြည့်ခိုင်း ဆိုပြီးတော့။

ဟူး နောက်ထပ်ဘယ်လိုလူတွေနဲ့ တွေ့ရကြုံရဦးမလဲမသိဘူး။
အမြတ်ကြီးစားဖို့ အစီအစဉ်မရှိပါဘူး။ လစဉ် ကုန်ကျစရိတ်ကနေ ၂၀၀ ၊ ၃၀၀ လောက် လျော့မလားဆိုပြီးတော့ ၃ ယောက်တင်ဖို့ကျိုးစားကြည့်တာ
ဟူး main tenant လုပ်ရတာမလွယ်ပါ့လား။
အဲဒါ လုပ်ချင်ဦးဟဲ့ သူကြီးလေ။ ဟားဟား။

စာဖတ်သူများ ကျန်းမာချမ်းသာကြပါစေ။ နောက်ပြောင်ခံရခြင်းဘေးမှ ကင်းဝေးပါစေ။

5 comments:

  1. ဟယ် သတိထားအုံး ။ ကြောက်စရာကြီး။ မယုနဲ့သမီးနဲ့ပဲရှိတုံးလူလာမကြည့်ခိုင်းနဲ့လေ ။

    ReplyDelete
  2. အင်း မှာထားတယ်။ ညဘက်ကြမှ လာကြည့်ဖို့။ ကောင်းကောင်းမွန်မွန်ရုပ်ပါပဲ။ ၀မ်းတွင်းရူးလားမသိပါဘူး ဟားဟား

    ReplyDelete
  3. ဒီလိုလဲ ရှိသေးတာပါလား။ ကျမကတော့ Deposit ပေးပြီးမှသာ လာနေဘို့ Confirm ဖြစ်ပြီလို့ ယူဆပြီး လိုအပ်တာတွေ ၀ယ်ပါတယ်။ ဒါပေမဲ့ ဒီလူက ချက်ခြင်း ပြောင်းလာမယ် ဆိုတော့လဲ လိုအပ်တာ ကြိုစီစဉ်ထားမိတာ နေမှာပါ။ ပြောင်းသွားတဲ့ အခါလည်း သတိထားပါဦး။ ကြမ်းပိုးတွေ ထားသွား တတ်ကြတယ်။ အိပ်ယာ၊ ကုတင် တွေ အကုန် လွှင့်ပစ်ရပြန်ရော။

    ReplyDelete
  4. ဟုတ်တယ်ဗျာ နောက်တစ်ခါဆို အားမနာပဲ deposit တောင်းထားလိုက်မှထင်တယ်။ လောလောဆယ်တော့ မွှေ့ယာတို့ ခေါင်းဦးတို့ ကျွန်တော်တို့ပဲ ပေးတာများတယ်။ လောလောဆယ်တော့ ကြမ်းပိုး သံ မကြားရသေးဘူး။ အကုသိုလ်ကတော့ အများသားပဲ ကြမ်းပိုးသတ်ရ ပိုးဟပ် သတ်ရနဲ့။ ကလေးရှိတော့လဲ မတတ်နိုင်ဘူးလေ။

    ReplyDelete
  5. အဖြစ်ချင်းတူမှ ကိုယ်ချင်းစာတတ်တယ်တဲ့။ သူကြီးကိုယ်တိုင်လုပ်ကြည့်တော့ သိသွားပြီမဟုတ်လား။ အရင်ကသူကြီးကိုကော စာနာတတ်လာပြီလား?

    ReplyDelete