Tuesday, November 17, 2009

မလေးရှားကမ်းခြေသို့ အလည်တစ်ခေါက် ၁

အရင်လက တစ်ပတ်လုံး ခွင့်ယူပြီး ခရီးတိုလေး ထွက်ဖြစ်ခဲ့တယ်။

ပုံမှန်ဆိုရင် ခရီးထွက်ဖို့ အစီအစဉ် ဆွဲပြီးမှ ခွင့်ယူကြတာ အခုဟာက ခွင့်တွေများနေပြီဆိုပြီး ခွင့်ယူလိုက်ပြီးကာမှ ခရီးသွားဖို့ စီစဉ်ရတာ။
 

ပထမဦးဆုံး စဉ်းစားမိတာက မလေးရှားက genting.
နီးနီးနားနားနဲ့ အပန်းဖြေလို့ ရနိုင်မယ့်နေရာလေး။ ဒါပေမယ့် သွားဖူးတဲ့ ညီအငယ်ကောင်က ပျင်းစရာကြီးတဲ့။
  ဟိုမှာ ကစားကွင်းပဲရှိတာဆိုတော့ ပိုက်ဆံပေါရင်တော့ သွားကစားပေါ့လေ။ ကိုကလဲ ကိုယ့်အိုးနဲ့ကိုယ့်ဆန် တန်ယုံဆိုတော့ အင်း
ဘယ်သွားရပါ့မလဲပေါ့။ ပိုက်ဆံလဲသိပ်မကုန် တစ်မိသားစုလုံးကို ခေါ်သွားနိုင်မယ့် နေရာကို စဉ်းစားကြည့်တော့ ကမ်းခြေကိုသွားတွေ့တယ်။
ဖြစ်နိုင်တာက မလေးရှားက ကမ်းခြေတစ်ခုခုပေါ့။
 

ဒါနဲ့ တနင်္လာနေ့ မှာ မလေးရှား ဗီဇာသွားလျှောက်။ ဟိုကပြောလိုက်တယ် နောက်တစ်ပတ် တနင်္လာနေ့မှ ရမယ်တဲ့။
ဒီကြားထဲ တိုးကုမ္ပဏီတွေရဲ့ ၀က်ဆိုက်တွေ လိုက်ကြည့်ရတာလဲအမောပေါ့။
နောက်ဆုံး အလုပ်အတူတူလုပ်တဲ့ သူငယ်ချင်းတစ်ယောက်က သွားမေးလိုက်တဲ့။
သူတို့မှာ tour package တွေ ရှိတတ်တယ်တဲ့။
ဒါနဲ့ golden mile က five stars tour ကို ခြေ ဆန့်တော်မူရတာပဲ။
တော်တော် ရှာယူလိုက်ရတယ် တစ်ခါမှ မရောက်ဖူးလို့။ ကိုယ့်ဖာသာ street directory ကနေကြည့်သွားတာတော့ အဟုတ်ပဲ။ ဟဲဟဲ

ဟိုရောက်တော့ ဘာရမလဲ အားကြိုးမာန်တက်နဲ့ lankawi package မရှိဘူးလားပေါ့။
အဲဒီက ၀န်ထမ်းက သေသေချာချာ ရှာပေးပါတယ်။ လေယဉ်နဲ့သွားရမယ် .ဘယ်မှာတည်းရမယ် ဘာအစီအစဉ်တွေပါတယ် နဲ့ တွက်ချက်ပေးရင်းလိုက်တာ ဟီး
မိသားစု ၃ ယောက် ကို ၈၀၀ ကျော်ကျတယ်။ အောင်မငှီး ...အဲဒီလောက်အထိ ကုန်ဖို့မှ မမှန်းထားတာ။

ဒါနဲ့ တစ်ထစ်လျှော့ပြီးတော့ မလေးရှားက ဈေးသက်သာတဲ့ ကမ်းခြေလေးမရှိဘူးလားဆိုတော့ Tionman Island က ကမ်းခြေတစ်ခုကိုပြောပြတယ်။
ဈေးတွက်ကြည့်လိုက်တော့ တစ်ယောက်ကို ၂၀၈ ကျပ် ကျမယ်။ ဘတ်စ်ကား + ဟိုတယ် +  မနက်စာ (breakfast) ပါ အပါဆိုတော့ မဆိုးဘူးပေါ့။
ဒါနဲ့ မိန်းမကို ဖုန်းဆက်ပြီး လှမ်းမေးတော့ ဒီထက်သက်သာရင် ကောင်းမှာပဲဆိုတာနဲ့ ဖောလိုက်တာပေါ့လေ။ ငါတို့ Online က ကြည့်တုန်းက ၁၃၉ ကျပ်တန်တွေ့ လိုက်တယ်ဘာညာနဲ့ ပြောတော့
အဲဒီကျွန်းမှာပဲ တစ်ခြား ကမ်းခြေတစ်ခု ကို ၁၃၉ ကျပ်နဲ့ ပြတယ်။

၁၃၉ ကျပ်ဆိုတော့ တော်တော် မဆိုးဘူး ဆိုပြီး လက်မှတ် ၂ စောင်ကို ၀ယ်လိုက်ပါတယ်။ သမီးလေးက ငယ်သေးတော့ (၂ နှစ်အောက်ဆိုတော့) ပိုက်ဆံ မပေးရဘူး။


ဗီဇာက အင်္ဂါနေ့မှ ရမယ်ဆိုတာနဲ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း (၆၊၃၀) ကား လက်မှတ်ပဲယူလိုက်တယ်။(တကယ်တော့ ဗီဇာက တနင်္လာနေ့ ညနေမှာရပါတယ်)
 

အရင်က မနက်တစ်ခေါက် ညတစ်ခေါက် ထွက်ပေမယ့် မုန်သုန်ရာသီကြောင့် ခရီးသွားတဲ့သူတွေ နဲ့လို့ တစ်ကြောင်းထဲ ထွက်တာလို့ ဆိုပါတယ်။

ဒါနဲ့ပဲ သွားမယ့်မနက်မှာ အစေားကြီးထ ပြင်ဆင် တက္ကဆီ ဆီးပြီး ခရီးသွား ကုမ်ပဏီ မှာ ၄၅ မိနစ် လောက် စောင့်ပြီးသည့် သကာလမှာ mini van လေး ပေါ်ကိုရောက်ပါတယ်။


အဖြူကောင် ၇ ယောက်၊ ဂျပန်မတစ်ယောက်နဲ့ ကျွန်တော်တို့ မိသားစု ၃ ယောက် အားလုံးပေါင်း ၁၄ ယောက် ကားဆရာပါပါမယ်ဆိုရင်ပေါ့။


အစကတည်းက လူနည်းရင် mini van နဲ့ သွားရနိုင်တယ်လို့ လက်မှတ်ရောင်းလိုက်တဲ့ ကောင်မလေးပြောပြထားလို့ ဘာမှမဖြစ်တာ့ဘူး။ mini van က သေးပေမယ့် မလူးဘူး။ ကားမူးမှာကြောက်တဲ့သူတွေအတွက် ကောင်းတယ်။


စလုံး လူဝင်မှုကြီးကြပ်ရေး ဖြတ်တော့ ဘာမှမဖြစ်ဖူး။ ဖြစ်တာက ဘယ်ဂျီယန်သား ၃ ယောက်ထဲက တစ်ယောက် က white card ပျောက်နေလို့ဆိုပြီး ကြာနေသေးလို့ သူ့ကိုစောင့်နေရသေးတယ်။


မကြာပါဘူး။ မလေးရှား လူဝင်မှုကြီးကြပ်ရေး ကိုရောက်ပါရော။ စလုံး ကိုဖြတ်တော့ အထွက်မို့လို့ ပစ္စည်းတွေ ကားပေါ်မှာထားခဲ့လို့ရတယ်။ မလေးကျတော့ မရတော့ဘူး။ ၃ယောက်စာ ဖောင်ဖြည့်ရတာနဲ့တင်တော်တော်ကြာသွားတယ်။ဒါပေမယ့် ချောချောမောမောပါပဲ။

ပြသနာက  ပစ္စည်းတွေကို စက်ထဲထည့်ပါဆိုလို့ စက်ထဲထည့်လိုက်တော့ ဟဲဟဲ
အိပ်ကိုဖွင့်ပြပါတဲ့။ ဒါနဲ့ ဖွင့်ပြလိုက်တော့ NTUC fair price က၀ယ်လာတဲ့ ၀ိုင်ပုလင်းကြီး ထွက်လာပါလေရော။



အဲဒီမှာ ကျေးဇူးရှင်က Liquor ဆိုရင် အခွန်ဆောင်ရတယ်တဲ့။ ဟာ အဲဒီတော့မှ ဟုတ်သားပဲ။ ငါတို့ သတိမထားမိလိုက်ဖူး။ ဘယ်ကလာတာလဲမေးတော့ ငါတို့ စလုံးမှာနေတဲ့ မြန်မာတွေ။ပထမဦးဆုံးအကြိမ် မလေးရှား ကမ်းခြေကို အလည်အပတ် ထွက်လာတာ။

စလုံးမှာ ဘာနဲ့နေလဲမေးတော့ စလုံး ပီအာ လို့ လဲပြောလိုက်ရော လေသံပြောင်းသွားတယ်။ ပီအာ တန်ခိုး တယ်ကြီးသကိုးလို့။ အဲတော့ နိုင်ငံကူးလက်မှတ်လေးဘာလေး ကြည့်ပြီးတော့  ၀ိုင်ပုလင်းကို ဘယ်လောက်ပေးခဲ့ရလဲတဲ့။ ၁၉ ကျပ်လို့။ အခွန်ဆောင်ရမယ်တဲ့ စလုံး ၁၀ ဒါမှမဟုတ် မလေး ၂၀။ ဟဲဟဲ မလေး၂၀ ပဲပေးလိုက်ပြီး အခွန်ဆောင်လိုက်တာ ကိစ္စပြတ်ရော။ 

အဲဒီနောက်တော့ မိန်းမက အခွန်သွားဆောင် ကျွန်တော်က သမီးတစ်ဖက်နဲ့ ဖွင့်ထားတဲ့အိပ်ကိုပြန်ပိတ်။ နောက်တော့ ပြန်ပါလာတဲ့ ပုလင်းလေး အိပ်ထဲပြန်ထဲ့ပြီး မြန်မြန်ပဲအောင်ကို ဆင်းလာလိုက်တာ အောက်မှာ ကား ဆရာလေးက တစ်မျှော်မျှော် ဖြစ်နေပြီ။

သူတို့ကို တောင်းပန်ပြီး ကားပေါ်တက် ကားကလဲ ၀ူးကနဲ မောင်းထွက်ပြီးတော့ လစ်တော့တာပဲ။
ကိုယ်ဖာသာကိုယ်တောင် တွေးမိသေးတယ်။ စထဲက ယဉ်သကို ဆိုသလိုပဲလို့။ ဒါပေမယ့် ရင်းစ်၂၀ နဲ့ ပြီးသွားတာာပဲ ကျေးဇူးတင်ရမလိုဖြစ်နေပြီ။

ကားက လမ်းမှာတစ်ခေါက်လောက်ရပ်တာ(ပေါက်တော) က လွဲလို့ တောက်လျှောက်မောင်းလိုက်တာ ပျင်းစရာတောင်ကောင်းတယ်။ သမီးလေးကလဲ လိမ္မာရှာပါတယ်။ အိပ်လိုက် နိုးလာလိုက် မုန့်ကျွေးလိုက် ရေတိုက်လိုက် ပြန်အိပ်လိုက်နဲ့ ကားပေါ်မှ အေးအေးဆေးဆေးပဲလိုက်လာတယ်။


နောက်ဆုံးတော့ ကုတို့သင်္ဘောစီးရမယ့် မာဆင်းကိုရောက်ပါတော့တယ်။ အကုန်လုံး အထုပ်တွေဆွဲ ဆင်းဖို့ပြင် တစ်ချို့က ကမ်းခြေသွားဖို့ မဟုတ်ဖူး။ မာဆင်းအထိပဲလိုက်တာ။ ပထမတော့ ဒီကနေပဲ သင်္ဘောစီးရမယ်မှတ်တာ ကားကနောက်ကျနေလို့ သင်္ဘောက ထွက်သွားပြီတဲ့။ ဂွပဲနော်။ 

ဒါနဲ့ တခြား သင်္ဘောဆိပ်တစ်ခုကနေ သင်္ဘောထပ်စီစဉ်ပေးလို့ အဲဒီဆိပ်ကမ်းကို ကားနဲ့ နာရီဝက်လောက် ထပ်မောင်းလိုက်ရတယ်။ ဒဲဒီနောက်တော့ ကားပေါ်ကဆင်း ၀ယ်ပေးတဲ့ လက်မှက်လေးကိုင် ဖြည့်စရာရှိတာဖြည့်ပြီးတော့ ကျွန်းဝင်ခွင့် တစ်ယောက် ၅ ကျပ် စီ ပေးပြီး ကုတို့ သင်္ဘော ပေါ်ရောက်ပါတော့တယ်။ ကျွန်းဝင်ခတောင်းတဲ့ ချာတိတ်က အရေးထဲ ကိုယ့်ကို မလေးထင်နေသေးတယ်။ ကတုံးနဲ့ မုတ်ဆိတ်နဲ့ မို့လို့ များလားပဲ။ :p


သင်္ဘောပေါ်ရောက်တော့ အပေါ်ထပ်ကိုခဏတက်ကြည့် ဓတ်ပုံလေးဘာလေးရိုက် ပြန်ဆင်းလာ ။အောက်မှာ ဖွင့်ထားတဲ့ aircon က တော်တော့်ကို အေးတယ်။ သမီးလေးကို အနွေးထည် ထပ်ဝတ်ပေးပြီး သီချင်းလေးငြီးပြီး သိပ်လိုက်တာ လက်ပေါ်မှာ အိပ်သွားရော။ နောက်တော့ သူ့အမေက လွတ်နေတဲ့ နောက်တန်းမှ ခြေဆန့်လက်ဆန့်နဲ့ သွားလှဲလိုက်တာ အိပ်ပျော်သွားပါလေရော။ အမှတ်တရတော့ ဓတ်ပုံရိုက် ထားလိုက်သေးတယ်။


အတော်ကြာကြာသင်္ဘောစီးပြီးတော့ ၁ နာရီ ၂နာရီလောက်တောင် ကြာမလားပဲ ပထမဆုံး ကျွန်းကိုမြင်နေရပြီဆိုတော့ လူတွေ အိပ်နေရာကထလာ နိုးလာနဲ့ ဟိုကြည့်ဒီကြည့် လုပ်ကြတယ်။ ဟုတ်တယ် ကျွန်းက ကျွန်းညိုကြီးပဲ။ တောင်တွေလဲရှိတယ်။ ဦးရှင်ကြီး အမျိုးတွေပါ ရှိကောင်းရှိနိုင်တယ်။ ရေငံပိုင်တစ်ရိုး စံပိုင်စိုးပါတဲ့ လို့ စာချိုးထားတယ်မဟုတ်လား။


ဒါနဲ့ပဲ ပထမ ဆိပ်ကမ်းလေးကိုကပ်။ တက်သူတက် ဆင်းသူဆင်းပေါ့။ နောက်ကမ်းခြေတစ်ခုကို ဆက်ထွက်လာခဲ့တယ်။

သင်္ဘောပေါ်ကဆင်းတော့  နေကျဲကျဲတောက် ပူနေတဲ့ ကမ်းခြေက စိမ်းစိမ်းကားကားပဲ ကြိုဆိုနေတဲ့။ ဟိုတယ်က လာကြိုမယ့်သူ တစ်ယောက်မှ မရှိဘူး။ ဒီလိုနဲ့ နေပူကျဲတောက်နေတဲ့ လမ်းကိုလျှောက် တွေတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို paya beach resort ဘယ်မှာလဲလို့ မေးရတယ်။ 

အဲဒီတော့မှ နောက်က၀င်လာတဲ့ မလေး အသက်ကြီးကြီး ဦးလေးတစ်ယောက်နောက် ကို ညွှန်တယ်။ သူနဲ့ လိုက်သွားလိုက်တဲ့။ အဲဒီလူကြီးက အထုပ်တစ်ထုပ် ကူဆွဲပေးရင်း resort ကို ခေါ်သွားပေးတယ်။ လူတွေက နားချင်နေပြီ။ ဗိုက်ဆာနေပြီ။


ကံကောင်းချင်တော့ ကမ်းခြေ မျက်နှာစာတန်းက အခန်းတစ်ခန်းပေးလိုက်တယ်။ ဆောက်ထားတဲ့ပုံက အိမ်တစ်လုံးဆိုရင် အခန်း ၂ ခန်းပါတာပေါ့။ အခန်းက မဆိုးပါဘူး။


ပစ္စည်းတွေချ အမြန် အ၀တ်အစားလဲပြီး resort က စားသောက်ဆိုင်မှာပဲ စားလိုက်တယ်။ ထမင်းမှာတယ်။ တုန်ယမ်း ဟင်းချို၊ ပြည်ကြီးငါးကျော်၊ နဲ့ ပင်လယ်စာ အရွက်တစ်ပွဲကျော် မှာပြီး မိသားစု သုံးယောက်စားလိုက်တာ စကားပြောချိန်မရဘူး။ သမီးလေးကလဲ စားပါ့။သူလဲ ဗိုက်ဆာနေမှာပေါ့။


စားသောက်ပြီးတော့ အခန်းကိုပြန် ဘန်ဂလိုရှေ့ က ကမ်းခြေ အလှကို ရှုစားလိုက်တာ ကျောက်ဆောင်တွေကြီး သွားတွေ့တယ်။ ငါတို့တော့ ဈေးပေါတဲ့ ကမ်းခြေ ရွေးမိတာမှားပြီပေါ့။ စိတ်တော့ မပိန်ပါဘူး။ အနဲဆုံး စလုံးမှာတော့ မဟုတ်တော့ဘူး။ ဖုန်းက Roaming မဖွင့်ထားတော့ ရုံးကလဲ ဖုန်းဆက်လို့ မရဘူး။ မိုက်တယ်နော်။ 

ဒါနဲ့ အပြင်မှာ ခဏထိုင် အအေးလေးဘာလေးသောက်။ အငွေ့လေးဘာလေးရှုပြီး။ ပြီးတော့မှ အခန်းထဲဝင် သမီးလေးကို သိပ်ရင်းနဲ့ လူကြီးတွေပါ အိပ်ပျော်သွားကြရော။ စိတ်ထဲမှာ ဘာတာဝန်မှမရှိဘူး။ သိပ်မိုက်တယ်။ 

နိုးလာတော့ ညနေစောင်းနေပြီ။ သမီးလေးက အိပ်နေတုန်းပဲ။ခရီးပန်းတယ် ထင်တယ်။
၂ ယောက်သား အခန်းအပြင်ကိုထွက် ဟိုကြည့်ဒီကြည့်လုပ် ။ နောက်တော့ မိန်းမက ရေတော့ကူးရမှ ဖြစ်မယ်တဲ့ :D ဒါနဲ့ ဟိုဘက် ဘန်ဂလိုက အနောက်နိုင်ငံသူတစ်ယောက် က အပြင်ကနေ တဘက်ကြီးပတ်ပြီး ပြန်လာတာတွေ့တော့ မိန်းမက စပ်စုကြည့်ပါရော။ resort မှာ ရေကူးကန်ရှိတယ်တဲ့။ အဲဒီက ကူးပြီးပြန်လာတာတဲ့။ ဒီတော့မှ သမီးလေးကိုနှိုး ရေကူးဝတ်စုံလေးဝတ်ပေး။ ပြီးတော့ ရေကန်ဆီ ချီတက်ကြရော။ 

ရေကန်လေးက မဆိုးပါဘူး။ အဲဒီမှာ ရေစိမ်။ သတ္တိခဲ သမီးလေးက ရေထဲကို မလိုက်ရဲလို့ အတင်းခေါ်ရတယ်။ ရေထဲရောက်တော့လဲ အဖေကို တွယ်ထားလိုက် အမေကို တွယ်ထားလိုက်နဲ့ ပျော်လို့ အော်လိုက်တာ။သိပ်ကြာကြာမနေလိုက်ရပါဘူး။ သမီးလေးအေးလာမှာ စိုးတာနဲ့ သမီးနဲ့သူ့အမေက အရင်ပြန်နှင့်တယ်။ နောက်မှ လိုက်သွားတော့ ရေချိုးပေးနေတုန်း ပဲရှိသေးတယ်။ မြန်မြန်ဝင်ကူလိုက် ပြီးတော့ သမီးကိုရေသုပ်ပေး အိမ်င်္ကျီ ၀တ်ပေးနေတုန်း သမီးလေးအမေက ရေချိုးပေါ့။


အားလုံးရေမိုးချိုးပြီးတော့ ထမင်းစားဖို့ ထွက်ကြရော resort က စားသောက်ဆိုင်မှာတော့ မစားချင်တော့တာနဲ့ ရွာဖက်ကို လမ်းလျှောက် ပြီးတော့မှ တရုတ်ဆိုင်တစ်ဆိုင်မှာဝင်စားဖြစ်တယ်။ 


လက်ရာကတော့ မဆိုးပါဘူး။ ကြားရက်ဆိုတော့ လူတစ်ယောက်မှ မရှိဘူး။ ဆိုင်ပုံစံတွေက ကျိုက်ထီးရိုးတို့ ရွှေစက်တော်တို့က ဆိုင်တွေနဲ့တူတယ်။စားသောက်ပြီးလို့ အခန်းဘက်ကို ပြန်လျှောက်လာရင်း လမ်းမှာတွေ့တဲ့ ဒေသခံ ပစ္စည်းတွေရောင်းတဲ့ ဆိုင်တွေလျှောက်ဝင်ကြည့်ကြတယ်။


သမီးကတော့ အောက်ကိုချပေးလိုက်တာနဲ့ လမ်းလျှောက်တော့တာပဲ။ အခန်းပြန်ရောက်တော့ ဒေါ်လာ ၃၀ တန် ပုလင်းလေးထုတ်၊ အခန်းထဲမှာရှိတဲ့ မောင်းတောင်ချိုင့်နဲ့ ဟိုတယ်က ရေခဲသွားတောင်း၊။

ပြီးတော့ ရေနည်းနည်းရောပြီး ပုလင်းကို စိမ်ထားလိုက်တယ်။ အတော်ကြာတော့မှ ဖွင့်ပြီး Cheers လုပ်ကြတာ။ အရသာတော်တော်လေးကောင်းတယ်။ (၀ိုင်က အေးစက်နေမှ သောက်လို့ကောင်းတာ :P)


အာလူးကျော် ၀ယ်လာလို့ အာလူးကျော်စားလိုက်၊ သောက်လိုက်၊ အောက်ဆင်းပြီး အငွေ့ရှုလိုက်နဲ့ ဘ၀က တော်တော့ကို သာသာယာယာရှိတာ။(အာကျယ် မင်းစကားလုံး ငါငှားသုံးလိုက်တယ်။) သမီးလေးကလဲ သူ့အမေဖိနပ်ကို စီးလိုက် အောက်ဆင်းလိုက် အပေါ်တက်လိုက် အာလူးကျော်လာစားလိုက် နဲ့ အလုပ်ကို ရှုပ်နေတာပဲ။ ဘန်ဂလိုရှေ့က လမ်းမပေါ်မှာလဲ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နဲ့ အရမ်းပျော်နေပုံရတယ်။ 

စလုံးမှာ လို သောက်စည်းကမ်းမရှိတဲ့ စက်ဘီးသမားတွေ၊ဆိုင်ကယ်သမားတွေရဲ့ အန္တရာယ်မရှိဘူး။

လွှတ်ပေးထားလိုက်ရုံပဲ။ ဘာမှသွားပြီး ချုပ်ချယ်စရာမလိုဘူး။

ညဘက်ရေပြန်တက်လာလို့ ကမ်းခြေကို လှိုင်းပုတ်တဲ့ အသံလေးက တော်တော့်ကို နာဝင်ချိုတာ။

ဘေးခန်းမှာ နေတာက မလေးရှားတရုတ် လင်မယား။ ညဘက်ကို စားစရာ သောက်စရာတွေနဲ့ ငါးမြားတန်တွေနဲ့ ငါးမြားဖို့ ထွက်သွားရော။


သူတို့ကို ကြည့်ရတာလဲ အေးရာအေးကြောင်းပဲ။


ညည့်နက်လာတော့ ၀င်အိပ်ကြရော။ သမီးက ညဘက်ကို ထညပီး ငိုနေသေးလို့ ဘေးခန်းက လင်မယားကို အားနာနေရသေးတယ်။ သမီးရဲ့ အာပြဲပုံကို ရင်နှီးတဲ့သူတွေ သိပါတယ်။


နောက်နေ့ မနက် အစောကြီး နိုးလာတယ်။ မနက်ခင်းဟာ တော်တော့ကို သာသာယာယာရှိတယ်။


အပိုင်း ( ၂ )မှာ ကျန်တာ ဆက်ရေးတော့မယ်။ ဖတ်ရတဲ့သူတွေလဲ မျက်စေ့ညောင်းရောပေါ့။


No comments:

Post a Comment