Monday, November 16, 2009

noise pollution

ကြက်ဥကို ဖောက်ပြီး  မီးဖိုဒယ်အိုးထဲက ဆီကျက်ကျက်ထဲကိုထည့်လိုက်သည်။ ရှဲကနဲ မြည်သံနှင့်အတူ တဖြည်းဖြည်းကျက်လာသော ကြက်ဥကြော်ကို ဆားနှင့် ငြုပ်ကောင်းမှုန့်ဖြူးကာ စားပွဲပေါ်တင်လိုက်ယင်း ညကအိမ်မက်ကို စဉ်းစားမိကာ ရွှေယုမနေနိုင်ပဲ ပြုံးမိသည်။ သမီးငယ်ကို အခန်းထဲမှ ချီထွက်လာသော ခင်ပွန်းသည်က ရောယောင်လိုက်ပြုံးရင်း “ဘာဖြစ်လို့လဲ“ဟု မေးသည်။ ခင်ပွန်းသည်ကို ချစ်စနိုးမျက်စောင်းထိုးရင်း “ဘာသိလို့ပြုံးတာလဲ“ဟု မေးမိပြန်သည်။

နံနက်လဘက်ရည်သောက်ရင်း ညက အိမ်မက်ကို ပြောမိတော့ ခင်ပွန်းသည်က ဟက်ဟက်ပက်ပက်ရယ်တော့သည်။ ရွှေယုအိမ်မက်ကလည်း ရယ်ချင်စရာ... ရွှေယုစင်္ကာပူရောက်ကတည်းက သူတို့နေပုံထိုင်ပုံအဆင့်အတန်း ကိုယ့်နိုင်ငံထက်သာတာကို အားကျမိသည်။ လူတွေ စည်းကမ်းရှိတာမရှိတာ အပထား.. အဓိက မီးမှန်မှန်လာခြင်း၊သယ်ယူပို့ဆောင်ရေးကောင်းခြင်း၊ လူတွေကိုစည်းကမ်းရှိအောင်ထိန်းသိမ်းပေးခြင်းက အစပေါ့။ သို့ပေမဲ့ ကိစတစ်ခုကိုတော့ တော်တော်စိတ်ပျက်မိသည်။ အသံဆူညံမှု... ဆူညံသံများစွာထဲက ဆိုင်ကယ်သံက မုန်းစရာအကောင်းဆုံးဖြစ်သည်။

ညကအိမ်မက်က အသံဆူညံမှုကို အကြောင်းခံသည်။ ညဘက်ညဘက် တော်တော်နှင့်အိပ်မပျော်နိုင်သည့်.. အလွန်တရာ အဆော့သန်သည့် သမီးလေးကို အောင်မြင်စွာ သိပ်ပြီးသကာလ ရွှေယုခေါင်းချမည်ကြံခိုက် ယင်းဆိုင်ကယ်သံသည် ကြောက်မက်ဖွယ်ရာမြည်ဟည်းထွက်ပေါ်လာသည်တဲ့. ယင်းအသံကြောင့်ပင် သမီးကလေးက လန့်နိုးလာကာ သနားစဖွယ်ငိုယိုခဲ့သည်တဲ့... သမီးချစ်သည့်စိတ် ယခင်အပျိုဘ၀တုန်းက အရာရာကိုဆတ်ဆတ်ထိမခံချင်သည့်စိတ်တွေပြန်ပေါ်လာကာ ရွှေယုမီးဖိုထဲမှ သားလှီးဓားဆွဲကာ ရွှေယုတို့နေထိုင်ရာ ၁၀ထပ်မှ   ဆိုင်ကယ်သံထွက်ပေါ်လာရာ အောက်ဆုံးထပ်သို့ ဓာတ်လှေကားမစီး ဘာမစီးနှင့် ရောက်သွားသတဲ့  ဆိုင်ကယ်သမား မည်းမည်း (အဆင့်အတန်းမရှိသော မလေးလူမျိုးရုပ်နှင့်) ကို တရုပ်သိုင်းကားထဲကမင်းသမီးပမာ လျှက်တပြက် ခုတ်ပိုင်းချလိုက်သတဲ့.. သကောင့်သားလဲ ဘာမှ မခုခံနိုင်ပဲ မျက်လုံးပြူးထွက်ကာ သေဆုံးသွားသည်တဲ့. ကဲ ဘယ်လောက်ကောင်းတဲ့ အိမ်မက်လဲလို့..

ကဲ အိမ်မက်မက်လောက်အောင် ဘယ်လောက်ဆိုးရွားသလဲဆိုတာ ရွှေယုရှင်းပြချင်ပါသည်။ စင်္ကာပူ ရောက်ခါစတုန်းက အရာရာကို အထင်ကြီးစိတ်နှင့် မြင်မိသည်ထင့်။ အလွန်တရာဆိုးရွားလှသော ဆိုင်ကယ်သံကိုပင် လျစ်လှူရှုမိသည်။ အဲ ... နောက်ပိုင်း အလုပ်ခွင်ဝင်သည့်ရက်ပိုင်းတွေမှာ စတင်သတိပြုမိလာခြင်းဖြစ်သည်။ နံနက်ဝေလီဝေလင်း အိပ်ကောင်းတုန်းအချိန်တွင် အောက်ဆုံးထပ်မှ ဆိုင်ကယ်တဖုတ်ဖုတ်နှင့် နှိုးသည့်အသံစကြားရသည်။ တစ်မိနစ်.. နှစ်မိနစ်မဟုတ် အနည်းဆုံးငါးမိနစ်ခန့်ကြာသည်။ ဘယ်လောက်ပဲ အိပ်ကောင်းကောင်း ယင်းအသံကြားလျှင်လန့်နိုးစမြဲပင်။ဒါက သမီးလေးမမွေးခင်က..

သမီးလေးမွေးပြီးတော့လည်း သမီးလေး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီဆိုလျှင် ဆိုင်ကယ်စက်နှိုးသံ၊ တဂီးဂီးနှင့် ဆိုင်ကယ်ကိုအမြန်နှုန်းတင် မောင်းသွားသံကို ညအချိန် သက်ကြီးခေါင်းချချိန်ကအစ သန်းကောင်ယံ အချိန်တွင်လည်း ကြားရတတ်သည်။ ဆိုင်ကယ်မောင်းသူအများစုကို သေသေချာချာကြည့်မိတော့ အ၀တ်အစားကို ဂျစ်ပစီစတိုင်လ်ခပ်ကျပ်ကျပ်ဝတ်ထားသော လူမလေးခွေးမခန့်ပုံစံ မလေးလူမျိုးလူငယ်ပိုင်းတွေဖြစ်တာတွေ့ရသည်။ နောက်က မိန်းမငယ်များက ဆိုင်ကယ်မောင်းသမားကို သိုင်းဖက်ခွထိုင်ကာ ဆိုင်ကယ်ကို အသံမြည်အောင် အမြန်မောင်းရသည်ကို ဂုဏ်ယူနေသည့် ဟန်ကအပြည့်.. ရွှေယုနားလည်ထားသည်က စင်္ကာပူနိုင်ငံသည် အာရှတွင် အဖက်အဖက်ကအကောင်းဆုံးနိုင်ငံဖြစ်ချင်သည်နှင့်အညီ အသံဆူညံမှုကို ထိန်းချုပ်ထားသည့် ဥပဒေစည်းကမ်းတစ်ခုပြဌာန်းထားမည်ဆိုတာပဲဖြစ်သည်။

ဆိုင်ကယ်ဝယ်လာပြီးကာမှ အသံထွက်အောင်ပြန်လည်ပြုပြင်ထားရင်တော့လည်း မတတ်နိုင်ပါ။ ဆိုင်ကယ်သံတစ်ခုတည်းလာဆိုတော့လည်း မဟုတ်ပြန်.. နေ့လည်ဆိုရင် ကွိ. ကွိနှင့် ပူစီဖောင်းညှစ်သည့်အသံကြားရပြန်သည်. သတင်းစာလိုက်ဝယ်ခြင်းဖြစ်သည်တဲ့။ ယင်းပုဂိုလ်တွေကလည်း အားမနာလျှာမကျိုး ကွိ..ကွိ ညှစ်လိုက်.. ပါးစပ်ကလည်း“ကာရန်ကူနီ“လို့ အော်လိုက်နဲ့ တ၀ဲလည်လည် လုပ်နေသည်မှာ မိနစ်နှစ်ဆယ်ခန့် ...သည့်အပြင် ညဘက် သန်းကောင်ချိန်တွင် နောက် ကွိ..ကွိ ကြားရတတ်သည်။ ဒါက အောက်က ကားပါ့ကင်မှာရပ်ထားတဲ့ ကားကို အဝေးထိန်းခလုတ်နှင့်ဖွင့်ခြင်းပင်။

ပြီးတော့ရှိသေးသည်.. မလေးမင်္ဂလာဆောင်တွေ.. စင်္ကာပူတွင် မလေးလူမျိုးများမင်္ဂလာဆောင်လျှင် တော်တော်များများက ခန်းမငှားလေ့မရှိ. သတို့သမီး (သို့)သတို့သား နေထိုင်ရာ အဆောက်အဦ အောက်ဆုံး နေရာကွပ်လပ်လွတ်တွင် ကျင်းပလေ့ရှိကြသည်။ သောကြာနေညနေခင်း (သို့) စနေနေ့ညနေခင်းပိုင်း အောက်ဆင်းလိုက်ရင်း အခမ်းအနားပြင်ဆင်နေသည်ကို တွေ့လျှင်ဖြင့် နောက်တစ်နေ့တွင် တစ်နေကုန်အပြင်ထွက်ရန်အကြောင်းရှာလျှင်ရှာ (သို့မဟုတ်) နားကို ဂွမ်းဆို့ ထားရန်သာပြင်ဆင်ရမည်သာဖြစ်သည်။ မလေးလူမျိုးများသည် မြန်မာပြည်မှ အလှုများကဲ့သို့ပင် အတီးအမှုတ်အကအခုန်များနှင့် မင်္ဂလာဆောင်အခမ်းအနားကို ကျင်းပလေ့ရှိကြသည်။ မလေးသီချင်းများ ကီးချော်အသံမမှန်နှင့်လည်း ဆိုချင်ဆိုတတ်ကြသော ၄င်းတို့အသံများကို လော်စပီကာနှင့် ထုတ်လွှင့်လေ့ရှိကြသည်။ အဲ ... ထူးဆန်းတာတစ်ခုက ထိုနေရာမှာပင် တရုတ်လူမျိုးတွေကလည်း အသုဘအခမ်းအနားကျင်းပကြသည်ပင်။ ရောက်ခါစတုန်းက ဘယ်လိုနားလည်ပေးရမှန်းမသိခဲ့တာအမှန်ပင်။


အကောင်းနှင့်အဆိုး ဒွန်တွဲနေသည်မှာ ဓမ္မတာသဘောပင်။  အကောင်းဆုံးတွေချည်းပဲရှိသည်ဟုထင်ရသော စင်္ကာပူနိုင်ငံတွင်လည်း အသံဆူညံမှုကဲ့သို့ အဆိုးတွေအများကြီးပင်။ ထိုကဲ့သို့ ပြောရာတွင် ရွှေယုနေထိုင်ကြီးပြင်းရာ မြန်မာနိုင်ငံမှာရော အသံဆုညံမှုတွေမရှိလို့ပဲလားလို့ မေးချင်စရာ... တကယ်တမ်း ပြောရမည်ဆိုလျှင် ပြောစရာတွေအများကြီးပင်။ နွေအခါ နေ့ခင်းဘက် တရေးတမောလှဲမည်ကြံခိုက် ကိုက်နှစ်ရာခန့်ဝေးသော ဈေးရှေ့အလှုခံမဏ္ဍာပ်မှ လော်စပီကာအကျယ်ကြီးဖွင့်ကာ အလှုခံလိုက်သည်မှာ အပြင်တွင် ကတရာလမ်းအရည်ပျော်မတတ် ပူပြင်းလှသည့် နွေရာသီနှင့်အပြိုင်ပင်. တောရွာဘက်မှာတော့ အနှီကိစ္စက တစ်ဘာသာလို့ပင် ရွှေယုဆိုချင်သည်။ ရာသီအလိုက်စိုက်ပျိုးထားသော စပါးခင်း၊နှမ်းခင်းများပေါ်မှဖြတ်တိုက်လာသော လေညင်းကလေး ကို သစ်ကြီးဝါးကြီးကိုမှီခိုဆောက်လုပ်ထားသော တဲထဲမှ ၀ါးကြမ်းခင်းပေါ်လှဲအိပ်ရင်း အလှုမဏ္ဍာပ်မှ ပဲ့တင်လာသော တွံတေးသိန်းတန်သီချင်းကို နားထောင်ရတာကိုက အရသာတစ်မျိုးပင်.

ဆိုတော့ကာ ရွှေယုတို့ နေထိုင်ရာ ရန်ကုန်ရျွှေမြို့တော်မှာကော...ကုလားကြီးနဲ့ အရာကြီး ဆိုသလိုဖြစ်သည်။ရွှေယုတို့ ရန်ကုန်အိမ်၏ဘယ်ဘက်ဘေးအိမ်က အိမ်နီးချင်း ဦးလေးတို့က အထက်အညာကလာရောက် အခြေချခြင်းဖြစ်သည်။ အညာဓလေ့စရိုက်နှင့် အညီ စကားပြောလျှင် တစ်ယောက်နှင့် တစ်ယောက်ကပ်လျက်ထိုင်နေသော်လည်း လမ်းထိပ်မှ ကြားအောင်ပြောရမှ အားရတတ်သူများဖြစ်သည်။ ယင်း ဦးလေးတို့မိသားစုချည်း ရှိနေသည့် သာမန်အချိန်တွင် မသိသာသော်လည်း အထက်အညာက ၄င်းတို့၏ဆွေမျိုးညာတိများလာရောက်ခိုက်နှင့် ကြုံကြိုက်လျှင်တော့ နားကို ဂွမ်းနှင့်ဆို့ထားသည့်တိုင် ယင်းတို့အသံများ နားထဲသို့ ၀င်ရောက်လာမည်ပဲဖြစ်သည်။ညာဘက်ဘေးအိမ်ကလည်း တစ်မျိုး... ယင်းအိမ်တွင် အန်တီအပျိုကြီးတစ်ယောက်ထဲနေသည်။ အန်တီကြီးက စောစောစီးစီးအငြိမ်းစားယူကာ အိမ်တွင် ကျုရှင်အငှားတင်သည်။ ကျောင်းဆရာမများက နံနက်ကျောင်းမသွားခင် ကျုရှင်လာသင်ပြကြသည်။ နံနက်စောစော ဥာဏ်မြူးကွန့်ချိန်တွင် စာသင်ချင်သည်ထင့် နံနက် ၇နာရီ ၀န်းကျင်တွင် လာရောက်သင်ပြကြတော့သည်။ ယင်းကိစက ကျောင်းဖွင့်ရက်များတွင် သိပ်မသိသာ... ရွှေယုကတော့ နိုးစက်ပေးစရာမလိုပဲ နိုးရသည့်အတွက် ကျေးဇူးတောင်တင်သေးသည်။ ရွှေယုအခန်းက ညာဘက် အစွန်ဆုံးဖြစ်သည့်အတွက် ယင်းအသံများက နံရံကို ဖောက်ထွင်းဝင်ရောက်လာတတ်သည်။ ဆရာမက စာအံချသည့်အသံ၊ တပည့်များကို ငေါက်ငမ်းသည့်အသံများကို ရံဖန်ရံခါ ကြားရတတ်သည်။ သို့ပေမယ့် သီတင်းပတ်ကုန် ကျောင်းပိတ်ရက် ၊ ရုံးပိတ်ရက်များမှာတော့ အအိမ်မက်သော ရွှေယုအတွက် မဟာပြသနာပင်၊ ကျောင်းပိတ်ရက်ဖြစ်သည်ကြောင့်ထင့် ဆရာမသည် တစ်ခါတရံ တပည့်များကု ထားကာ နောက်ဖေးတွင် အိမ်ရှင်အန်တီကြီးနှင့် လေဖောနေတတ်သည်။ ယင်းအခိုက် အိမ်ရှေ့ခန်း ( ရွှေယုနှင့် ဘေးကပ်ရက်အခန်း) အတွင်းမှာတော့ တပည့်များက ဆူညံပွက်လောရိုက်နေတတ်သည်။ ယင်းအခါတိုင်း ရွှေယု စိတ်ထဲမှ ကျုံးဝါးမိသည်က “ဒါခဏပဲ စင်ကာပူရောက်ရင် ဒါတွေမရှိတော့ဘူး “ဟုပင်။ တကယ်တမ်းတော့မှာတော့ ....noise


yuki

3 comments:

  1. စင်ကာပူအကြောင်း ကိုယ်တွေ့တွေအပိုင်းပိုင်းခွဲပြီးရေးပါဗျို. :) စောင့်ဖတ်ချင်လို. ။
    စကားမစပ် ဒါ mm-times ကိုပို.တဲ့ဆောင်းပါးလား?

    ကွိ..ကွိ ညှစ်လိုက်.. ပါးစပ်ကလည်း“ကာရန်ကူနီ“လို့ အော်လိုက်နဲ့ >>
    ( အတိအကျပါလား“ကာရန်ကူနီ“တဲ့ ) ဟားဟား :D

    ReplyDelete
  2. ထောက်ခံပါတယ် ... မယုရေ ..

    ကိုယ်တွေ့တွေအများကြီးရှိတယ် ...

    ဆိုင်ကယ်ရှိမှန်းသိပါတယ်ဆိုလည်း အသံပေးရမှကျေနပ်တဲ့ မလေးတွေ ရဲ့ ဖုန်းဒိုင်း ဖုန်းဒိုင်း ဆိုင်ကယ်သံတွေ ...(ညနှစ်နာရီ)

    ညနှစ်နာရီခွဲမှာ အိမ်ရှေ့မှာ ဖြတ်လျှောက်ရင်း တံထွေးထွေးသွားတဲ့ အရူးလိုလူလည်းရှိတယ် ...

    အောက်ထပ်က ရေခဲသေတ္တာပြင်တဲ့ဘကြီးရဲ့ ၀ုန်းခနဲပစ်ချလိုက်သံတွေရယ် ...(၃ နာရီကျော်လောက်မှာ ကြားရတယ် ...)

    မနက်အိပ်ရာနှိုးစက်ထဲမှာ အသံအဆိုးဆုံး ပေးရမယ့် ဘေးအိမ်က Hip hop ရန်ပွဲတွေရယ် ....(မနက် ၇ နာရီဝန်းကျင်)

    weekend လေး အိပ်ပါတယ်ဆိုမှ အားမနာလျှာမကျိုး ..လှည်းနေလှေအောင်းမြင်းဇောင်းမကျန် .. သီဆိုဖို့ အလှည့်ကျနေတဲ့ မလေးတွေ မင်္ဂလာဆောင်ကို နှစ်ခါနဲ့တင် လုံလောက်သွားပါပြီ ..။

    တရုတ်အသုဘကြတော့ ဒုံချမ်း ဒုံချမ်း ဒုံချမ်း ... ဆိုပြီး သွားလေသူကြီး ကပါစေဆိုပြီး ဆိုင်းတီးပေးတာကလည်း ဆိုးတာပါပဲ ...။

    အပေါ်ထပ်က ကတောက် ကတောက် ကတောက် ဆိုတာကလည်း ရှိသးတယ် ...။ နှစ်ထပ်ကုတင်နဲ့အိပ်တဲ့အခါ အပေါ်ထပ် ကြမ်းပြင်နဲ့ပိုနီးသွားလို့ထင်တယ် ....။

    အဆိုးဆုံးကတော့ မလေးမင်္ဂလာဆောင်ထင်တယ် ...။
    အရင်ရည်းစားဟောင်းတွေရဲ့ ရင်ဖွင့်ပွဲလားထင်ရအောင် ငိုသံပါကြီးနဲ့ ဆိုတာလည်း မကြာမကြာကြားရသေးတယ် ...။ အားနာပါးနာ အပေါ် ခုနစ်အိမ် အောက်ခုနစ်အိမ် ၀ါးတီးလိုက်ဝေတယ်ဆိုရင်တောင် သည်းခံလို့ရကောင်းရဦးမယ် ...။ အခုတော့ သူတို့ဘာသာ အ၀စားပြီး မကောင်းတဲ့ အသံကြီးနဲ့ အဆိုဝါသနာကြီးလေတော့ ... နောက်များ မလေး မင်္ဂလာဆောင်ရှိတယ် ဆိုရင် Stay ရှောင်ဖို့ ကြိုတွေးထားရတော့မယ်....။


    ၉၉၉ ကို မခေါ်ချင်ရင် ... ear plug ၀ယ်လို့လည်းရသေးတယ် ...။

    Noise Pollution က မြို့ပြတိုင်းရဲ့ ရှောင်လို့မရတဲ့ cons ပဲဖြစ်မယ်ထင်တယ် ....။ စလုံးအချင်းချင်းကတော့ မရဘူး ... အားနေရင် တိုင်နေတာပဲ ...။ မြန်မာတွေလည်း မကြာမကြာတိုင်ပေးမှနဲ့တူတယ် ...။


    ....
    Ps. word verification ဖြုတ်ပေးပါ ...။

    ReplyDelete
  3. word verification
    ဖြုတ်လိုက်ပြီ ဇတ်သည် ကြီးရေ။:D
    မလေးမင်္ဂလာဆောင်တွေ အပေါ်ထပ်က လူတွေကို ဖိတ်ကျွေးလိုက်ရင် ပြီးတာပါပဲ။
    ဖိတ်ကျွေးမလားလို့ စောင့်ကြည့်နေတာ ၄၊၅ နှစ်ရှိသွားပြီ :D

    ReplyDelete