Friday, September 18, 2009

၃၅ ကျပ်ပြန်ရခြင်း

လက်ရှိသုံးနေတဲ့ ဖုန်းလိုင်းက  အရင်လက ၂၁လ ပြည့်သွားလို့ သက်တမ်းထပ်တိုးလို့ရပြီ။(ဘိုလိုပြောရရင် contract ကို $100 တိုးပေးစရာမလိုပဲ renew လုပ်လို့ရပြီပေါ့ဗျာ။ ဤကား စကားချပ်တည်း။)

ဒါပေသည့် ရှုမငြီးတဲ့ ချစ်ဇနီးရဲ့ မျက်နှာတော် ကြည်မယ့် ရက်ကလေးကိုစောင့်ရင်း နေလိုက်တာ
တစ်ရက်တော့ ဇနီးလေးက ဖုန်းဆက်လာပါတယ်။ သူ့ရဲ့ ဆိုနီအယ်ရစ်ဆင် ဖုန်းလေး ဘာမှ မလာတော့ဘူးတဲ့။ ဒီတော့ ပျက်ပြီပေါ့ဗျာ။ဟီးဟီး။ ပျော်လိုက်တာ ကျွန်တော့်မှာ။


ကျွန်တော့်ရဲ့ နိုကီယာ လေးသူ့ပေးပြီး ကျွန်တော်က ဖုန်းအသစ်လျှောက်မယ်ဗျာ။ လူပါးဝတယ်နော်။ :D


ဒီလိုနဲ့ ယောက်ဖကြီးဆီ ဖုန်းဆက်ပြီးချိန်း။ ရုံးအပြန် Tempines mall မှာ သွားပြီး ဖုန်းအသစ်လျှောက်မယ်လို့။ သူကလဲ စိတ်မပါလှပါဘူး။ အားကြိုးမာန်တက် ရောက်လာတာပဲ။
အမတော်ကတော့ မလိုက်လာတော့ဘူးလေ။(လိုင်းက သူ့နာမည်နဲ့ကိုး။ အဲဒါမှ discount ရမှာ)


အဲဒီမတိုင်ခင်  ၁ပတ် လောက်က သွားလျှောက်ဖို့ လုပ်သေးတယ်။ လိုချင်တဲ့ ဖုန်းမရတာနဲ့ ပြန်လာခဲ့ရတာ။ ဒီတစ်ခါတော့ လိုချင်တဲ့ဖုန်းမရလဲ ဇနီးသည်ရဲ့ ဖုန်းကပျက်နေပြီဆိုတော့ ကြိုက်ကြိုက်မကြိုက်ကြိုက် ဖုန်းတစ်လုံးကတော့ ယူရတော့မှာပဲဆိုပြီး စိတ်မကောင်းစွာနဲ့ပဲ HTC Magic လေး မလာခဲ့တယ်။ :D

(လိုချင်တဲ့ ဖုန်းက Nokia N95  or samsung omnia II.)

ဒါပေမယ့် nokia က ဈေးကြီးပြီး samsung က ရောင်းရလွန်းလို့ out of stock ဆိုတော့ Magic လေးပဲယူလာလိုက်တယ်။ ဈေးက ၃၉၄ တဲ့ ။ ၅၀ တန် ဗောက်ချာရထားတော့ ၃၅၄ ပေးခဲ့ရတာပေါ့။

ကိုယ့်ကိုယ်ကိုယ်တော့ ဒီလောက်တောင်ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာ ဒီလောက်လေးတော့ ဆုချမှဖြစ်မယ်ဆိုပြီးတော့ ....

ဖုန်းလိုင်းက ကိုင်နေကျ လက်ရှိလိုင်းကိုပဲ ဆက်ကိုင်တယ်။ Data plan တော့ မယူတော့ဘူး။ မတန်လို့။ နောက်ပြီး GPRS လဲ ပိတ်ခိုင်းထားလိုက်တယ်။ တော်ကြာ နေရင်းထိုင်ရင်း network  ကို သွားချိတ်နေမှဖြင့်။ GPRS ပိတ်တာ ၃ရက်ကြာမယ် လို့ပြောတယ်။ ဒီကြားထဲ wifi မရတဲ့နေရာမှာ အင်တာနက်မကြည်နဲ့ပေါ့ဗျာ။ကြည့်ရင်ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲဆိုတဲ့သဘောပေါ့။


ဒီလိုနဲ့ အိမ်ပြန်ကြရောဆိုပါတော့ဗျို့။ ဖုန်းကို ကြည့်ချင်နေတာ ယားနေတာပဲ။ လက် ပြောပါတယ်။အိမ်ရောက်တော့ မဖွင့်ရဲသေးဘူး။သမီးလေးတွေ့သွားရင် ဒန်တန့်တန်..


ကျေးဇူးရှင်လေးကလဲ ၁၂ နာရီလောက်မှ အိပ်သွားတယ်။အဲဒါနဲ့ ဖုန်းဘူးလေးကိုဆွဲ အပြင်ကို သူခိုးခြေလှမ်းနဲ့ ထွက် နောက်ဖွေး မီးဖိုချောင်ကိုဝင် charger လေးနဲ့ ဖုးန်ကို အားသွင်းပြီး.....(ညကြီးမင်းကြီး နောက်ဖေးက အမှောင်ထဲမှာထိုင်နေတာ အိမ်သာဝင်ဖို့ ထွက်လာတဲ့ ယောက်ဖတောင် လန့်သွားသေးတယ် ဟီးဟီး)


Phone interface က အငယ်ကောင်ရဲ့ ဖုန်းနဲ့ အတူတူပဲ။ သူ့ဖုန်းက ၅ လ ၆ လ စောပြီးဝယ်ထားတော့ ကြုံရင် ကလိနေတာနဲ့ သူ့ဖုန်းမျက်နှာပြင်နဲ့ ရင်းနှီးနေပြီ။


ဒါနဲ့ google acccount လေးဘာလေး login ၀င်။ အဲဒီမှာ စမှားတာပဲဆိုတာ ကိုယ့်ဖာသာကို မသိသေးဘူး။ 
နောက်တော့ ဟိုကြည့်ဒီကြည့်နဲ့။


နောက် တော့ iToday ဖုန်းအတွက်လုပ်ထားတဲ့ စလုံး သတင်းစာ ဆော့ဖ်ဝဲ လေးကို အင်စတောလုပ်ပြီး ဖတ်ကြည့်နေလိုက်တယ်။ မိုက်တယ်။ အရင်ဆို အငယ်ကောင်ဆီမှာ ဖတ်နေတာတွေ့ရင် ဗလိုင်းကြီးအားကျတာ။ဟားဟား။ အခုတော့ ငါလဲ ဖတ်လို့ရပြီ ဘာညာပေါ့။ 

မိုးကုတ်ဆရာတော်ကြီးပြောတဲ့ လူတွေဟာ ကိုယ့်ရှိတဲ့ ပစည်းနဲ့မာန်တက်တာကို လမ်းပေါ်မှာ ခွေးတစ်ကောင်ဟာ ခွေးချေးပုံ တစ်ပုံနဲ့ မာန်တက်နေတာကို သွားသတိရမိတော့... 

ဖုန်းလေးပိတ်ပြီး အိပ်ယာဝင်လိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော့် ရဲ့ ချေးပုံလေးအတွက် ကွန်ပျူတာ မော်နီတာ ဘေးက ကွက်လပ်သေးသေးလေးမှာ မ၀တ်တော့တဲ့ ဘောလုံးဘောင်းဘီလေးကို ဖြန့်ခင်းပြီ အပိုင်စားနေရာ ပေးလိုက်ပါတယ်။သမီးရန်ကလဲ ကာကွယ်ပြီးသား ဖြစ်သွားတာပေါ့။


ဒီလိုနဲ့ပေါ့လေ ချေးပုံလေးတစ်ပြပြနဲ့ နေလာရင်းက phone bill လာမယ့်နေ့ကို ရောက်လာပါလေရော။
$78 ဆိုလားပဲ။ လူလဲ ဟိုက်ရှားပါး ဆိုပြီး ထူပူသွားတယ်။ ဖုန်းမှာ login ၀င်ထားတဲ့ google account က auto synchronise လုပ်နေတာကြောင့်တဲ့ဗျား။ wifi network မတွေ့ရင် GPRS ကိုသုံးပြီးတော့ ချတာပေါ့။ ဒီကငတုံးက မသိဘူးလေ။ 

ဒီတော့ ဒီတော့ စဉ်းစားလိုက်တာ ရုံးက စီနီယာသမားလုပ်ပုံလေးသွားသတိရတယ်။

သူ iphone ကလဲ အဲဒီလို သူမသိပဲ network ကို သွားသွားချိတ်နေလို့ bill လဲလာရော ၇၀၊၈၀ လောက် ရှင်းရမလိုဖြစ်တာနဲ့ starhub ကို ဖုန်းဆက်ပြီး ကောလိုက်တာ အဲဒီ data charges တွေကို ရှော်ပေးလိုက်ပါတယ်တဲ့ခင်ဗျာ။ဟဲဟဲ မိုက်တယ်နော်။


ဒီကကောင်လဲ အတုမြင်အတတ်သင်ဆိုသလို starhub ကို ဖုန်းဆက်ပြီး ငိုပြလိုက်၊ ပိတ်ယောက်လိုက်၊ ငါ့သူငယ်ချင်းတစ်ယောက်လဲ ဒါမျိုးဖြစ်ဖူးတယ်ဆိုတာနဲ့ ခြိမ်းခြောက်လိုက် လုပ်လိုက်တာ ဟဲ ဟဲ


data charges က ၄၀ ကျတာ ၃၅ ကျပ် လျော့ ပေးလိုက်ပါတယ်တဲ့ ခင်ဗျာ။

ကျွန်တော့် ဘ၀ထဲမှာ ကိုယ့်ကိုယ်ကိုယ် အားအရဆုံး အချိန်များထဲက တစ်ခုဖြစ်ပါတယ်။

နောက်ဆိုဘာဖြစ်ဖြစ် ဖုန်းသာခေါ်ပြစ်လို့ မြှောက်ပေး အဲလေ အကြံကောင်းဥာဏ်ကောင်းများ ပေးလိုက်ရပါတယ်။


ကျွန်တော်နှင့် ခွေးချေးပုံ စွန့်စားခန်းများ စာအုပ်မှ ကူးယူဖော်ပြပါတယ်။


ခင်တဲ့
အောင်ဒင် 

No comments:

Post a Comment